Warmly Welcome from Fr. M K K D

animated-christmas-angel-image-0013

အင်္ဂလိပ်စကား စ,တင်လေ့လာသူတွေ လုပ်သင့်တဲ့အချက်(၅)ချက်



1️⃣အခြေခံပိုင်အောင်လုပ်ပါ။ 
နောက်ဆုံးကျသိုင်းပဲ သင်သင်၊ ဘောလုံးပဲကန်ကန် အခြေခံဟာ အရေးအကြီးဆုံးပါပဲ။ အခြေခံမပိုင်ဘဲ ခုန်ကျော်တဲ့လူတွေဟာ မိုးပေါ်လည်းမပျံ၊ မြေလျှောက်ဝိဇ္ဇာလည်းမဟုတ်တဲ့ ဇော်ကန့်လန့်ကြီးတွေဖြစ်နေတတ်ပါတယ်။ အခြေခံကို သေသေချာချာပိုင်အောင်လုပ်ပါ။ 

စပြီဆိုတာနဲ့ ခြောက်လလောက်မပြတ် ဆက်တိုက်လုပ်ပါ။ တော်တော်များများကတက်လိုက် နားလိုက်တွေ သိပ်လုပ်တာများသွားတော့ အတန်းတွေတက်ရင်လည်း ရတာလိုလို မရတာလိုလို၊ အပြောကျရပြီး သဒ္ဒါကမမှန်တာတို့ ဒါမျိုးတွေဖြစ်တတ်ပါတယ်။ ဆေးပတ်မလည်လို့ ဖြစ်သွားတဲ့ ဆေးယဉ်ပါး တီဘီလို ကုရခက်သွားတတ်ပါတယ်။ 

ကိုယ့်မိခင် ဘာသာစကားတစ်ခုကို ကျွမ်းကျွမ်းကျင်ကျင်သုံးစွဲတတ်ဖို့ တောင်အချိန်ယူရတာ တိုင်းခြားဘာသာစကားတစ်ခုကို အချိန်ယူရတာမဆန်းပါ။ အလယ်အလတ်အဆင့်ကို ၁-၂ နှစ်ပတ်ဝန်းကျင်၊ အဆင့်မြင့်မြင့်သုံးနိုင်တဲ့အဆင့်ကိုရောက်ဖို့  သုံးလေးနှစ်ပတ်ဝန်းကျင်ကြာနိုင်ပါတယ်။
 
2️⃣အတွဲလိုက်မှတ်တတ်တဲ့အကျင့်ကို မွေးမြူပါ။ 
သဒ္ဒါနဲ့ ဝေါဟာရ ဘယ်ဟာပိုအရေးကြီးလဲလို့ မေးရင် နှစ်ခုစလုံးအရေးကြီးတယ်လို့ပဲ ဖြေရမှာပါ။ ဒါပေမယ့် သဒ္ဒါမှားရင် နားလည်လို့ရသေးပေမယ့် ဝေါဟာရမရှိရင် ဘာမှမပြောတတ်တော့ပါ။ တချို့သဒ္ဒါအစိတ်အပိုင်းတွေဟာ တဖြည်းဖြည်းနဲ့မှ မှန်လာတတ်တာဖြစ်လို့ အချိန်ယူရပါတယ်။ စကားလုံးတွေရဲ့ သဘောနဲ့ သူတို့ရဲ့ အတွဲတွေကို စုပ်ယူသလို သင်သွားတဲ့အခါ သဒ္ဒါဟာအလိုလိုပါလာတတ်ပါတယ်။ 

စသင်ခါစမှာ Good Morning! လို့သင်လိုက်တဲ့အခါ good က adj  morning က noun လို့ မှတ်မနေပါဘူး။ Good Morning ပဲတန်းပြောချလိုက်တာပါပဲ။ 
Interested ဆိုတစ်လုံးတည်းမမှတ်ဘဲ  be interested in (sth/ Gerund) အတွဲကို မြင်အောင်ကြည့်ပြီး အရမှတ်လိုက်ပါ။ ဝေါဟာရကိုမှတ်ရင်း သူရဲ့ သဒ္ဒါလည်းပါသွားပါတယ်။ 

သဒ္ဒါဟာ သင်ရပါမယ်။ သဒ္ဒါကောင်းမှ အင်္ဂလိပ်စာကောင်းပါမယ်။ ဒီလိုပဲ ဝေါဟာရကောင်းမှလည်းရပါမယ်။ အဲ့တော့ သဒ္ဒါရယ် ဝေါဟာရယ်လို့ခွဲမနေတော့ဘဲ စကားလုံးတွေရဲ့ အချိတ်အဆက်အတွဲတွေကို မှန်ကန်ကန်ကန် သုံးတတ်အောင်ကြိုးစားသင့်ပါတယ်။ 

3️⃣ self-study လိုက်ရတယ်ဆိုတာ သိပါ။ 
ဘယ်ဘာသာရပ်မဆို ဆရာကချည်းသင်ပေးလိုက်ရုံနဲ့ မတတ်ပါဘူး။ ဘာသာစကားက ပိုဆိုးပါတယ်။ လေ့ကျင့်ချိန်အသုံးပြုချိန်အများကြီးလိုပါတယ်။ သင်တန်းတက်တဲ့အချိန် ဆရာနဲ့တွေ့တဲ့ အချိန်ဟာ သိပ်နည်းလို့ ကိုယ်ပိုင်လေ့လာနည်းတွေကို မသိထားရင်မဖြစ်ပါဘူး။ ဆရာကိုပဲ အားကိုးလွန်းရင် သိပ်ကြာသွားပါလိမ့်မယ်။ 

4️⃣ကြောက်တဲ့ ရှက်တဲ့စိတ်ရှိရင်ဖျောက်တတ်အောင်လုပ်ပါ။
အနည်းနဲ့အများတော့ သူများဘာသာစကားပြောရတာ ရှက်သလိုလိုကြောက်သလိုလိုဖြစ်တတ်ပါတယ်။ ဖြစ်လာရင်လည်း ဒါသဘာဝပဲဆိုတာ သဘောပေါက်ပါ။ သူများတွေလည်းဖြစ်တယ်ဆိုတာ လက်ခံပါ။ တကယ်က ကိုယ်ကြောက်နေ ရှက်နေတာကို သူများက အလွယ်တကူမသိနိုင်ပါဘူး။ မှားသွားတဲ့အခါလည်း ကိုယ်မှားတာကို ကိုယ်ကသာပိုမှတ်မိနေတာပါ။ သူတပါးက သိပ်မမှတ်မိတတ်ပါဘူး။  စကားပြောရတာကို သီချင်းဆိုသလို ကဗျာရွတ်သလို သဘောထားလိုက်ရင်လည်း စိတ်သက်သာသွားတတ်ပါတယ်။  

ကိုယ့်ကိုယ်ကိုယ် သိပ်အထင်မသေးပါနဲ့။ အမှားကိုထောက်ပြလွန်းတဲ့ သင်ကြားမှုမျိုးကြောင့် မှားတာဟာ အပြစ်လို့ ထင်တတ်တဲ့ စိတ်တွေရှိတတ်ကြတယ်။ မှားတာဟာ ကြိုးစားမှုသာဖြစ်ပါတယ်။ မှားတာဟာ တိုးတက်ဖို့အတွက်ပထမခြေလှမ်းပါ။

5️⃣ ဆရာရွေးမှန်ပါစေ။ 

ကိုယ်ကိုယ်တိုင်လည်း ဘာသာစကား အဆင့်မြင့်ပြီး သင်နည်းကို သိတဲ့ဆရာကိုရွေးချယ်ပါ။ များသောအားဖြင့် ဖြစ်တတ်တာက အခြေခံသမားတွေဟာ တော်ရုံပြောနိုင်တဲ့လူကိုတွေ့တဲ့အခါ သိပ်အထင်ကြီးသွားတတ်ကြတယ်။ အလွဲတွေပြောနေသလား၊ နည်းမှားတွေသင်ပေးနေသလားဆိုတာ အခြေခံသမားတွေဟာ မတွက်ဆနိုင်ကြဘူး။ အဲ့တာကြောင့် ဆရာအမှားနည်းအမှားတွေနဲ့ တွေ့ပြီး မကြာသင့်ဘဲကြာသွားတတ်တယ်။ 

👉ဘာသာစကားကို ဘာသာစကားလို သင်တတ်သူ (စာလိုမသင်သူ) 
👉Teaching နဲ့ပတ်သက်တဲ့ အသိအမှတ်ပြုလက်မှတ်နဲ့ ဘွဲ့တွေရထားသူ 
👉အတွေ့အကြုံများသူ ဆရာ/မတွေကို ပိုဦးစားပေးရွေးချယ်သင့်တယ်။ 

သတိထားရှောင်ရမယ့်လူတွေက ဖြတ်လမ်းနည်းတွေသင်ပေးသူတွေပါ။ အလွယ်နည်းတွေဟာ အခုခဏလွယ်သွားပေမယ့်ရေရှည်မှာ လမ်းကြောင်းကွေ့ကောက်သွားနိုင်ပါတယ်။ခဏတာအလုပ်ဖြစ်ပြီး ရေရှည်မှာ ဒုက္ခပေးမယ့် ဆေးမြီးတိုနည်းတွေပါ။ 

ကိုယ့်အတွက် အသုံ့းဝင်စေတဲ့ နံပါတ်လေးရှိရင် comment မှာရေးသွားပါဦး။